စာကြည့်တိုက်၏အဓိကလုပ်ငန်းတာဝန်များ

၁။      ပြည်တွင်းပြည်ပမှ ပုံနှိပ်ထုတ်ဝေသော မြန်မာနိုင်ငံအကြောင်းဆိုင်ရာစာစုကို စုဆောင်း ထိန်းသိမ်းသော ဗဟိုစာစုဌာနအဖြစ် ဆောင်ရွက်ခြင်း

၂။      ပြည်တွင်းမှ ပုံနှိပ်ထုတ်ဝေသော စာအုပ်စာတမ်းနှင့် စာအုပ်မဟုတ်သော အခြားပစ္စည်း များကို ပြည့်စုံစွာရရှိအောင်စုဆောင်းထိန်းသိမ်းခြင်း

၃။      အမျိုးသားစာစုစာရင်း  (National Bibliography ) ကို ပြုစုထုတ်ဝေခြင်း

၄။      စာကြည့်တိုက်အချင်းချင်းဆက်သွယ်ငှားရမ်းရေး (Interlibrary Loan)ကို ပြုလုပ်ခြင်း

၅။      နိုင်ငံတကာနှင့်ဆက်သွယ်၍ စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကိုဆောင် ရွက်ခြင်း

၆။      ပြည်သူလူထုအား စာကြည့်တိုက်နှင့်သုတပညာနှင့်ပတ်သက်၍ အသိပညာပေးခြင်း

၇။      အရှေ့တောင်အာရှဒေသမှ စာစုများကိုရယူစုဆောင်း၍ အများပြည်သူတို့အား ဖြန့်ဝေခြင်း

၈။      မြန်မာနိုင်ငံထုတ် စာနယ်ဇင်းများ၏စာနယ်ဇင်းအညွှန်းများ(Periodical Indexes) ကိုပြုစုထုတ်ဝေခြင်း

၉။      နိုင်ငံ၏စာကြည့်တိုက်နှင့်သုတပညာလုပ်ငန်းများတွင် အသုံးပြုနေသော စာကြည့်တိုက်နည်းစနစ်များကို တစ်နိုင်ငံလုံးတစ်ပြေးညီဖြစ်စေရေးအတွက် "စံ"           
          သတ်မှတ်ကာပြုစုထုတ်ဝေခြင်း

၁၀။    အရှေ့တောင်အာရှဒေသဆိုင်ရာကွန်ယက် (South East Asia Regional Network) နှင့် နိုင်ငံတကာကွန်ယက်စနစ် (Internet)  တွင်ပါဝင်နိုင်ရေးအတွက် စာကြည့်တိုက် 
          ဆိုင်ရာနည်းပညာများကို ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ခြင်း


ဘွဲ့လွန်စာကြည့်တိုက်စီမံခန့်ခွဲမှုပညာဒီပလိုမာသင်တန်းဖွင့်လှစ်ခြင်း

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊အနုပညာဦးစီးဌာန၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (မန္တလေး) နှင့်သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာနတို့ ပူးပေါင်း လျက်အမျိုးသားစာကြည့်တိုက်ကဦးဆောင်၍ ဘွဲ့လွန်စာကြည့်တိုက်စီမံခန့်ခွဲမှုပညာဒီပလိုမာသင် တန်းအမှတ်စဉ် (၁) ကို၂၀၁၄−၂၀၁၅ ပညာသင်နှစ်တွင် စတင်ဖွင့်လှစ်ခဲ့ ပါသည်။အဆိုပါဘွဲ့လွန်ဒီပ လိုမာသင်တန်းသို့ အစိုးရအသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှဘွဲ့တစ်ခုခုရရှိပြီးသူများတက်ရောက်နိုင်ပါသည်။ သင်တန်းကာလမှာ (၁) နှစ်ဖြစ်ပြီး နံနက် (၁၀:၀၀) နာရီမှ ညနေ (၄:၂၀) နာရီအထိဖြစ်ပါသည်။ ပညာသင်ကာလကို (၁၀) လ ထားရှိပြီး ကျန်သော (၂) လကို စာတမ်းပြုစုခြင်းနှင့် စာကြည့်တိုက်များတွင် လက်တွေ့သင်တန်းဆင်းလေ့လာခြင်းများဆောင်ရွက်ကြ ရပါသည်။ သင်တန်းတွင် အမျိုးသားစာကြည့်တိုက်မှ အရာထမ်းများနှင့်ပြင်ပမှ စာကြည့်တိုက်ပညာနှင့် ဆက်စပ်ပညာရပ်ဆိုင်ရာ ပညာရှင်များက ခေတ်နှင့်လျော်ညီသော စာကြည့်တိုက်လုပ်ငန်းဆိုင်ရာ အသိပညာများကို စာတွေ့၊ လက်တွေ့သင်ကြားပို့ချပေးလျက်ရှိပါသည်။ သင်တန်းတက်ရောက်ပြီးစီး၍ အောင်မြင်ပြီးသူများကို အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး)မှ ဘွဲ့လွန်စာကြည့်တိုက်စီမံခန့်ခွဲမှုပညာဒီပလိုမာဘွဲ့လက်မှတ် "Post Graduate Diploma in Library Management (PGDLM)" ပေးအပ်ပါသည်။


Digitization Project

အမျိုးသားစာကြည့်တိုက် (နေပြည်တော်) တွင်စုဆောင်းထိန်းသိမ်းထားရှိသည့် တန်ဖိုးမဖြတ်နိုင်သော စာပေပစ္စည်းများအား Digital Form အဖြစ်ပြောင်းလဲပြီးe-Book, e-Periodical အဖြစ်လေ့လာဖတ်ရှုနိုင်ရန်အတွက် Digitized ပြုလုပ်ခြင်းကို ၂၀၁၃ ခုနှစ်မှ စတင်၍ ဆောင်ရွက်လျက်ရှိပါသည်။



နိုင်ငံတကာအဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်မှုများ

        အမျိုးသားစာကြည့်တိုက်သည် ပြည်တွင်းစာကြည့်တိုက်များ စုစည်းဖွဲ့စည်းထားသော မြန်မာနိုင်ငံစာကြည့်တိုက်အသင်း (Myanmar Library Association) ၌ ဦးဆောင်ကဏ္ဍမှ ပါဝင်လျက် နိုင်ငံအတွင်းစာကြည့်တိုက်ပညာ တိုးတက်ပြန့်ပွားရေးနှင့် စာကြည့်တိုက်လုပ်ငန်းများ တိုးတက်စေရေးအတွက် ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနိုင်ငံစာကြည့်တိုက်အသင်းသည် အပြည်ပြည်ဆိုင်ရာစာကြည့်တိုက်အဖွဲ့အစည်းများနှင့် စာကြည့်တိုက်များအသင်း (International Federation of Libraries Associations and Institutions – IFLA) ၏ အဖွဲ့ဝင်ဖြစ်ရာ အမျိုးသားစာကြည့်တိုက်အနေဖြင့် Focal point အဖြစ် တာဝန်ယူ၍ IFLA နှင့် ဆက်သွယ်ကာ နိုင်ငံတကာမှ စာကြည့်တိုက်များ၏ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လှုပ်ရှားမှုများကို ပြည်တွင်းရှိ အဖွဲ့ဝင်စာကြည့်တိုက်များသို့ မျှဝေခြင်း၊ ဒေသဆိုင်ရာအဖွဲ့ခွဲများ၏ ဆွေးနွေးပွဲများသို့ ပါဝင်နိုင်ရန် ဆက်သွယ်ဆောင်ရွက်ခြင်း စသည့်လုပ်ငန်းရပ်များကိုလည်း ဆောင်ရွက်ပါသည်။

        အမျိုးသားစာကြည့်တိုက်သည် အရှေ့တောင်အာရှဒေသရှိစာကြည့်တိုက်အသင်းအဖွဲ့များ ဖြစ်သော Congress of Southeast Asian Librarians (CONSAL), Conference on Directors of National Libraries in Asia and Oceania (CDNLAO) တို့၏ အဖွဲ့ဝင်ဖြစ်သဖြင့် အဆိုပါ စာကြည့်တိုက်အသင်းအဖွဲ့များနှင့် စဉ်ဆက်မပြတ်ဆက်သွယ်လျက် မိမိနိုင်ငံ၏ စာကြည့်တိုက်များတိုးတက်မှု အခြေအနေကို နှစ်လည်အစည်းအဝေးများတွင် တင်ပြခြင်း၊ စာတမ်းများတင်သွင်းဖတ်ကြားခြင်:၊ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များတွင် ပါဝင်ခြင်း၊ အာဆီယံနိုင်ငံများတွင် ပြုလုပ်သည့် စာကြည့်တိုက်လုပ်ငန်းများဆိုင်ရာ လေ့ကျင့်မှုသင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများသို့ ပါဝင်တက်ရောက်စေခြင်း၊ အာဆီယံယဉ်ကျေးမှုနှင့် ပြန်ကြားရေးကော်မတီ စီမံကိန်းများတွင် ပါဝင်ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတကာနှင့် ဆက်သွယ်၍ စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။၂၀၁၈ ခုနှစ်တွင် (၁၇) ကြိမ်မြောက်အရှေ့တောင်အာရှစာကြည့်တိုက်မှူးများညီလာခံ(17th Congress of Southeast Asian Librarians-CONSAL XVII) နှင့်အတူ ၂၆ကြိမ်မြောက် အာရှနှင့်ပစိဖိတ်ဒေသမှ အမျိုးသားစာကြည့်တိုက်မှူးများ၏နှီးနှောဖလှယ်ပွဲ (26th Conference of Directors of National Libraries of Asia and Oceania (CDNLAO) ကို အိမ်ရှင်နိုင်ငံအဖြစ်လက်ခံကျင်းပရမည်ဖြစ်ပါသည်