စာပြုလုပ်ငန်း (Data Processing)

စာပြုလုပ်ငန်းဆိုသည်မှာ စာကြည့်တိုက်ပိုင်စာပေပစ္စည်းများကို  စာဖတ်သူတို့အလွယ်တကူရှာဖွေနိုင်စေရန် နိုင်ငံတကာစာကြည့်တိုက်သုံးစည်းမျဉ်းများကိုအသုံးပြု၍ ကက်တလောက်များ၊ အညွှန်းများ ပြုစုခြင်းလုပ်ငန်းဖြစ်ပါသည်။ အမျိုးသားစာကြည့်တိုက်သည် စာကြည့်တိုက်သို့ ရောက်ရှိလာသည့် စာအုပ်၊ စာနယ်ဇင်း၊ လက်ရေးစာ စသည်များကို နိုင်ငံတကာစာကြည့်တိုက်သုံးစည်းမျည်းစည်းကမ်းများနှင့်အညီ ကက်တလောက်စာရင်းပြုစုပါသည်။

အဓိကအသုံးပြုသော စာကြည့်တိုက်စည်းမျည်းများမှာ ကက်တလောက်လုပ်ငန်းအတွက် AACR-2 (Anglo American Cataloguing Rules Second Edition) မျိုးတူစုလုပ်ငန်းအတွက် Dewey Decimal Classification 23rd Edition၊ ပညာရပ်ခေါင်းစဉ်အတွက် Sear's List of Subject Heading 19th Edition တို့ဖြစ်ပါသည်။

မြန်မာဘာသာစာအုပ်များအတွက် အထက်ပါစည်းမျည်းများကိုအခြေခံကာ ကက်တလောက်ပြုစုပါသည်။ ကက်တလောက်အချက်အလက်များကို Data Sheet Form တွင်ဖြည့်သွင်း၍ National Library Myanmar Management Software (NLMM) တွင်လည်းကောင်းထည့်သွင်းထားရှိပါသည်။ အဆိုပါ Software တွင် စာကြည့်တိုက်၏ စာစုလုပ်ငန်း၊ စာပြုလုပ်ငန်းနှင့် စာဖြန့်ဝန်ဆောင်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရန် Library Management Program များကို ထည့်သွင်းရေးဆွဲထားပါသည်။

အမျိုးသားစာကြည့်တိုက်သည် စာကြည့်တိုက်ပိုင်စာပေပစ္စည်းများ၏ အချက်အလက်များကို စာကြည့်တိုက်အသုံးပြုသူများအနေဖြင့် အမျိုးသားစာကြည့်တိုက် (နေပြည်တော်) Website www.nlm.npt.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

အမျိုးသားစာကြည့်တိုက်ရှိစာစုများအနက် ပြည်တွင်းထုတ်စာအုပ်များကို မျိုးတူစုအလိုက်စီစဉ်ထားရှိပါသည်။ ရည်ညွှန်းစာအုပ်များ၊ အစိုးရထုတ်စာအုပ်စာတမ်းများ၊ ရှားပါးစာအုပ်စာနယ်ဇင်းများ၊ အင်္ဂလိပ်ဘာသာဖြင့်ရေးသားထားသော မြန်မာနိုင်ငံအကြောင်းစာစုများ၊  နိုင်ငံခြားဘာသာစာအုပ်စာတမ်းများ၊ အာဆီယံနိုင်ငံများဆိုင်ရာစာစုများ၊ ကုလသမဂ္ဂဆိုင်ရာစာစုများ၊ ဘွဲ့ယူကျမ်းများ၊ မြန်မာနိုင်ငံပြန်တမ်းစသည်တို့ကို တိုက်ပိုင်အမှတ်စဉ်အလိုက်စီစဉ်ထားရှိပါသည်။

အလှုရှင်များမှ လှုဒါန်းသည့် ပေ၊ ပုရပိုက်များကိုပြုပြင်ထိန်းသိမ်းပြီး မြန်မာ့စာပေယဉ်ကျေး မှုအမွေအနှစ်တစ်ရပ်အဖြစ် သီးခြားထိန်းသိမ်းထားရှိပါသည်။