အမျိုးသားစာကြည့်တိုက်သမိုင်းအကျဉ်း


အမျိုးသားစာကြည့်တိုက်သည် ဘားနတ်စာကြည့်တိုက်မှစာစုကို အရင်းတည်၍ ဖွင့်လှစ်သော စာကြည့်တိုက်ဖြစ်သည်။ ၁၈၈၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ဝန်ရှင်တော်မင်းကြီး ဆာချားအက်ဒွပ်ဘားနတ် (Sir Charles Edward Bernard) နှင့် အောက်မြန်မာပြည် တရားပိုင်မင်းကြီး၊  ပညာရေးဆင်ဒီကိတ်အဖွဲ့ဝင် ဥက္ကဌဆာဂျွန်ဂျာဒင်း (Sir John Jardine) တို့က အမှူးပြု၍  "ဘားနတ်အခလွတ်စာကြည့်တိုက်" ကိုဖွင့်လှစ်ခဲ့ပါသည်။ ဘားနတ်အခလွတ်စာကြည့်တိုက်သည် မင်းကြီးအက်ဒွပ်ဘားနတ်ပိုင်စာအုပ်များနှင့် ၎င်းပိုင်အဆောက်အအုံ (ယခုအ−ထ−က(၁) လသာ​နေရာ)တွင် အစပြုခဲ့ပါသည်။ ဘားနတ်စာကြည့်တိုက်သို့ ပထမဆုံးအဖိုးတန်စာအုပ်စာတမ်းများ လှူဒါန်းသူများမှာ တရားပိုင်မင်းကြီး ဆာဂျွန်ဂျာဒင်း၊ ပါဠိမောက္ခ ချိလဒါး(Professor Childers)၊ ဦးဖိုးမျှင်နှင့် ဦးမြို့တို့ဖြစ်ပါသည်။ ဦးဖိုးမျှင်နှင့် ဦးမြို့တို့က ငွေကျပ်တစ်သောင်းတန် ပေ၊ ပုရပိုက်များနှင့် စာအုပ်များကိုလှူဒါန်းခဲ့ပါသည်။ ၁၉၂၁ ခုနှစ်တွင် ကင်းဝန်မင်းကြီးပိဋကတ်တိုက်မှ  ပေ၊ ပုရပိုက်၊ စာမူစာအုပ်အစုစုကို ငွေ ၁၅၀၀၀ ကျပ် ပေး၍လည်းကောင်း၊ ၁၉၄၂ ခုနှစ်တွင် ပုဂံဝန်ထောက်မင်းဦးတင်၏ ပိဋကတ် တိုက်ကို ကျပ်ငွေ ၅၀၀၀ ပေး၍လည်းကောင်း ဝယ်ယူဖြည့်တင်းခဲ့ပါသည်။

ဒုတိယကမ္ဘာစစ်ဖြစ်ပွားချိန်တွင် ဘားနတ်စာကြည့်တိုက်မှာ စစ်ဒဏ်ကြောင့်ပရိဘောဂ များနှင့် စာအုပ်စာတမ်းပေါင်းများစွာ ပျက်စီးဆုံးရှုံးခဲ့ပါသည်။ လွတ်လပ်ရေးရပြီးသောအခါ ၁၉၅၂ ခုနှစ် ဇွန်လ (၁)ရက်နေ့တွင် ယဉ်ကျေးမှုဝန်ကြီးဌာနမှ နိုင်ငံတော်စာကြည့်တိုက်၊ ၁၉၆၄ ခုနှစ်တွင် အမျိုးသားစာကြည့်တိုက်ဟူသော အမည်ဖြင့် ပြောင်းလဲဖွင့်လှစ်ခဲ့ပါသည်။ အမျိုးသားစာကြည့်တိုက်သည် ပြောင်းရွေ့မှုအဆင့်ဆင့်ပြုလုပ်ခဲ့ပါသည်။ ၂၀၁၀ ခုနှစ်မှစ၍ အမျိုးသားစာကြည့်တိုက် (ရန်ကုန်) နှင့် အမျိုးသားစာကြည့်တိုက် (နေပြည်တော်) ဟူ၍ဖွဲ့စည်:ခဲ့ပါသည်။ အမျိုးသားစာကြည့်တိုက် (နေပြည်တော်) အဆောက်အဦးသစ်ကို  ဆောက်လုပ်ခဲ့ပြီး ၂၀၁၃ခုနှစ် မေလ ၃ ရက်နေ့တွင်စတင်ဖွင့်လှစ်ခဲ့ပါသည်။ 

အမျိုးသားစာကြည့်တိုက်သည် သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအောက်တွင် တည်ရှိပါသည်။

 
အမျိုးသားစာကြည့်တိုက်၏ပြောင်းရွေ့မှုအဆင့်ဆင့်မှာ−

၁၉၄၈ ခုနှစ် သြဂုတ်လ ၁ ရက်         −မြူနီစပယ်အဆောက်အအုံ (မြို့တော်ခန်းမ)
၁၉၅၂ ခုနှစ်၊ ဇွန်လ                        −ဂျူဗလီဟော (စစ်သမိုင်းပြတိုက်)
၁၉၆၂ ခုနှစ်၊ ဇွန်လ                        −အမှတ် ၁၆၆၊ ပန်းဆိုးတန်းလမ်း
                                                   (ဒုတိယနှင့်တတိယထပ်များ)
၁၉၆၄ ခုနှစ်၊ သြဂုတ်လ                  −မြို့တော်ခန်းမ (တတိယထပ်)
၁၉၈၄  ခုနှစ်၊ သြဂုတ်လ                 −၆ ထပ်ရုံး၊ ကမ်းနားလမ်း
၁၉၉၅ ခုနှစ်၊ ဇူလိုင်လ                    − တာမွေမြို့နယ်၊အရှေ့မြင်းပြိုင်ကွင်းလမ်းနှင့်
                                                    လေးထောင့်ကန်လမ်း
၂၀၀၈ ခုနှစ်၊ မေလမှ ယခုထိ           − အမျိုးသားစာကြည့်တိုက် (ရန်ကုန်)
                                                    ရန်ကင်းမြို့နယ်၊သီရိမင်္ဂလာရိပ်သာလမ်း
                                                    နှင့် ကမ္ဘာအေးဘုရားလမ်း
၂၀၁၀ ခုနှစ်                                 −အမျိုးသားစာကြည့်တိုက် (နေပြည်တော်)
                                                    အဆောက်အအုံသစ်ဆောက်လုပ်ခြင်း
၂၀၁၃ ခုနှစ်၊ မေလ                        −အမျိုးသားစာကြည့်တိုက် (နေပြည်တော်) ဖွင့်လှစ်ခြင်း


ရည်ရွယ်ချက်

၁။      ပြည်တွင်းထုတ်၊ပုံနှိပ်စာ၊ လက်ရေးစာစုအားလုံး၊ ပြည်ပထုတ် မြန်မာနိုင်ငံအကြောင်း ဆိုင်ရာစာစုများကို ပြည့်စုံအောင်စုဆောင်း၍ အမျိုးသားစာပေတစ်ရပ်အနေဖြင့် ထိန်းသိမ်းရန်

၂။      မြန်မာ့ယဉ်ကျေးမှုနှင့် မြန်မာ့ရှေးဟောင်းစာပေများကို စုဆောင်း၍ သုတေသီများနှင့် ပြည်သူလူထုက ရည်ညွှန်းကိုးကားအသုံးပြုနိုင်စေရန်

၃။      အရှေ့တောင်အာရှဆိုင်ရာ စာစုများကို စုဆောင်းဖြန့်ဝေပေးရန်

၄။      နိုင်ငံလုံးဆိုင်ရာစာကြည့်တိုက်စနစ်ကို ဦးစီးဦးဆောင်ပြုရန်